ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်းအား သင်တန်းနည်းပြဆရာမှ သင်ကြားပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအဆောက်အဦ အတွင်းအပြင်သန့်ရှင်းရေး၊ ကျောင်းသုံးပရိဘောဂများသန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ကျောင်းစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ ပြည့်စုံစေရေး နှင့် ကျောင်းဥပဓိရုပ်များကောင်းမွန်ရေးအတွက် နေ့စဉ်၊ အပတ်စဉ် သန့်ရှင်းရေး ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် မာလာကွင်းကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လာရောက် ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍  ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေးမှာကြားပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၇၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၄၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း(၇၂၉၀)ကျောင်းတွင် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၀)သိန်း(၆)သောင်းကျော် အပ်နှံပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။

02-Jun-2024