တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား  ကျောင်းသား၊ ကျောင်းသူ များထံ ပေးအပ်ခဲ့သည်။

ဦးစွာ ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ကျောင်းအပ်နှံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ ပညာသင်ယူရာတွင် အခက်အခဲမရှိစေရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးထား ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ်လူ့စွမ်းအားအရင်း အမြစ်များစွာမွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်း အဆင့် Grade-6၊ Grade-7၊ Grade-8၊ Grade-9 တို့တွင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တက္ကသိုလ်အဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့်ဇနီးတို့က အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးတို့က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ များအားလည်းကောင်း ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်သီချင်း” ဖြင့်သီဆိုဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာမူလတန်းအဆင့် (၁၂၂၉)ဦး၊ အလယ်တန်းအဆင့် (၆၇၉)ဦး၊ အထက်တန်းအဆင့်(၅၈၄)ဦး၊ တက္ကသိုလ်အဆင့်(၄၀၃)ဦး၊ စုစုပေါင်း (၂၈၉၅)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

02-Jun-2024