ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား ကြည့်ရှုအားပေး၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပြီးစီးမှုများ ကြည့်ရှုစစ်ဆေး

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများသည် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာပန်းချီပြိုင်ပွဲ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူလေးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရာ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အ.လ.က(၃)သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်းအား သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်ကြားပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က(၅)သို့လည်းကောင်း၊  သွားရောက်ခဲ့ပြီး အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးမှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာအထက်တန်း ကျောင်းသို့လည်းကောင်း၊ ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့လည်းကောင်း သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား မျှော်မှန်း ကျောင်းသားဦးရေပြည့်မီရေး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6၊ Grade-7၊ Grade-8၊ Grade-9 တို့ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး  ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၇၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း(၇၂၉၀)ကျောင်းတွင် ဇွန်လ(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၀)သိန်း(၄)သောင်းကျော် အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

01-Jun-2024