ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်းအားကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးအောင်ကျော်ခိုင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက်စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ဆွဲကောက်စိုက်စက်စမ်းသပ်သရုပ်ပြ စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က " ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးအတွက် လက်ဆွဲကောက်စိုက်များ၊ Drum Seeder များအသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် စက်မှုဇုန်တွင် တီထွင်ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒေသ၏ရေမြေနှင့်ကိုက်ညီ အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးတွက် ယခုနှစ်မိုးစပါး ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အထွက်တိုးမျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း၊ ဇီဝမြေဩဇာ၊ သဘာဝမြေဇာများ အချိုးကျ ထည့်သွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ဆွေးနွေး မှာကြားခဲ့သည်။

31-May-2024