ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးဂျူဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးဂျူဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးဂျူဒိုအသင်းသည် နှစ်အလိုက်အောင်မြင်မှုများရရှိခဲ့သည့် အသင်းဖြစ်ပြီး တိုင်းဒေသကြီးအတွက် အားထားရသည့်အားကစားသမားများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းမှ ထူးချွန်အားကစားသများအားစုဖွဲ့၍ စခန်းသွင်းလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း၊  ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှုများအပြင် ကျန်းမာရေးကောင်းမွန် ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နည်းစနစ်မှူးများကလည်း ရရှိသည့် အချိန်တွင် စနစ်တကျသင်ကြားပြသရန်လိုပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမား၏ အောင်မြင်မှုများကို နမူနာယူ၍ အောင်မြင်မှု များရရှိအောင် ကြိုးစားကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမား ကောင်များဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြု ဂျူဒိုအသင်းတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

30-May-2024