ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးနှံများလျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးနှံများလျာထားချက်ပြည့်မီအောင်စိုက်ပျိုး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၉.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“  ဧရာဝတီတိုင်းဒေသကြီးကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ရည်မှန်းချက်ပေးထားသည့်စိုက်ဧကပြည့်မီရေးနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအပေါ် ဌာနဆိုင်ရာပေါင်းစပ်ညှိနှိုင်းပေးရန်ဖြစ်ပါကြောင်း၊ နွေစပါးရိတ်သိမ်းပြီးစီးမှု (၉၈ %) ကျော်ရှိပြီး တစ်ဧကပျမ်းမျှ(၁၁၀)တင်းကျော်ထွက်ရှိသဖြင့် ယခုနှစ်နွေစပါးပန်းတိုင်အထွက်နှုန်းရောက်မည့်နှစ်ဖြစ်ပါကြောင်း၊ အစေ့ထုတ်ပြောင်းမှာ ပန်းတိုင်အထွက်နှုန်းရောက်ရှိပြီးဖြစ်ပြီး မိုးစပါး ၁ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်လျာထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) များအပြည့်အဝထည့်သွင်း စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း၊ ကြဲခင်းများ လျော့နည်းပပျောက်စေရေးအတွက် စပါးမျိုးစေ့ချကိရိယာ Drum Seeder များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေမည့်အပြင် မျိုးစပါးကုန်ကျမှုသက်သာခြင်းနှင့် ငွေကြေးကုန်ကျမှုကိုလည်း များစွာသက်သာစေမည်ဖြစ်ပါကြောင်း၊ မျိုးေစ့လွှမ်းခြုံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန်အတွက် ကုမ္ပဏီ၊ တောင်သူ၊ စိုက်ပျိုးရေးဌာနများက ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများလျာထားချက်ပြည့်မီရေး၊ အထွက်နှုန်း၊ စာရင်းဇယားများမှန်ကန်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေးအထူးဇုန်နှစ်ခု အကောင်အထည်ဖော် စိုက်ပျိုးသွား မည်ဖြစ်ပြီး ကျန်ခရိုင်များတွင်လည်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် တောင်သူအသိပညာပေးလုပ်ငန်းများအတွက် ပညာရှင်များဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လိုအပ်သော ပံ့ပိုးမှုများကိုလည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပုသိမ်မြို့အနီး နို့စားနွားမွေးမြူရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး၊ ကြဲခင်း စနစ်လျော့နည်းပပျောက်ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) တိုင်းလုံးကျွတ်ထည့်သွင်း မြေမြှုပ်နိုင်ရေး၊ ဆီဖူလုံမှုရှိစေရေးနှင့်မိုးစပါးတစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သုံးသီးစိုက်ဧကနှင့် ရိုးပြတ်ကျန်ဧရိယာများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ် ပပျောက်ရေးအတွက် Drum Seeder ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများလျာထားချက်ပြည့်မီအောင်  စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပုသိမ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေ့စဉ်ကျောင်းအပ်နှံလက်ခံမှုစာရင်းများအား မေးမြန်းခဲ့ပြီး မျှော်မှန်း ကျောင်းသားဦးရေပြည့်မီရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ရေးမှာကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ယူနိုင်ရေး၊ ကျောင်းဆောင်လိုအပ်သည့် စာသင်ကျောင်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

30-May-2024