ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမတွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုသင်တန်း ဖွင့်လှစ်ခြင်းဖြင့် ယခင်က မသိရှိခဲ့သော ဥပဒေဘာသာရပ်များကို လေ့လာသင်ယူရသည့်အတွက် ဥပဒေဘာသာရပ်များနှင့်စပ်လျဉ်း၍ အထိုက်အလျောက် သိရှိခဲ့ရပြီး ဖြစ်ကြောင်း၊ ယခုသင်တန်းတွင်ပို့ချခဲ့သည့် ဥပဒေဘာသာရပ်များအား မိမိတို့ တာဝန်ထမ်းဆောင်ရာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြန်လည်၍အသိပညာပေး မျှဝေပေးရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတက်ရောက်ခဲ့သည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့်ဆရာ/ဆရာမများအားဥပဒေ အသိပညာများကို လက်ဆင့်ကမ်းမျှဝေခြင်းဖြင့် ကျောင်းသား လူငယ်များ၏ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာဆောင်ရွက်နိုင်မည် ဖြစ်၍ ဥပဒေအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း” အမှာစကားများပြောကြားပြီး အထူးဂုဏ်ပြုဆုနှင့် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကို (၁၈.၅.၂၀၂၄)ရက်နေ့မှ (၁၉.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန်၊ (၂၅.၅.၂၀၂၄)ရက်နေ့မှ (၂၆.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန် စုစုပေါင်းသင်တန်းချိန်(၁၆)ချိန်၊ သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ စီးပွားရေးစာချုပ် စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉)ဦးက သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။