ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၊ ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြို့နယ်အလိုက် တက်ရောက်လာသည့် သင်တန်းသား၊ သက်တန်းသူများက မိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအတွက် အားထားရသည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအား လာရောက်တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူရာတွင်အခက်အခဲမရှိစေရေးနှင့် ကျောင်းနေနိုင်ရေးအတွက် နိုင်ငံတော်က အခမဲ့ပညာသင်ကြားရေးစနစ်ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဆရာ၊ဆရာမများသည် ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်အား မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကလေးငယ်များအား ကျောင်းနေပျော်၍ စာတော် အောင်သင်ကြား ပေးကြရမည်ဖြစ်ပြီး အနာဂတ်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသည့် သင်ခန်းစာများ၊ ရလဒ်များအား ကြိုးစားလေ့လာမှတ်သား၍ ပြန်လည်အသုံးချရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေး၊ တိုင်းရင်းသားများ၏ ပညာသင်ယူခွင့်အခွင့်အလမိးများပိုမိုတိုးတက်မြင့်မားရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ” အမှာစကားများပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများနှင့်အတူ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား ယခုလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၃၀၄)ဦး တက်ရောက်လျက်ရှိသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့၊ ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်တွင် စာပေလာရောက်ဖတ်ရှုနေသည့် ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီးစာကြည့်တိုက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည်တိုက်များတွင် သုတ၊ ရသစာအုပ်စာပေများပိုမိုပြည့်စုံစွာ ထားရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် စာအုပ်စာပေများ၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ စာအုပ်စာစောင်များတိုးပွားရေးအတွက် စည်းရုံးဆောင်ရွက်ရေးနှင့် ရှင်သန်ခိုင်မာသည့် စာကြည့်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။