ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်တရားရုံးအဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တရားရုံး (၁၂၈ ပေ× ၃၈ ပေ) RCC ၃ ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ငပုတောမြို့၊ မဂ္ဂင်လမ်းရှိ အဆိုပါအဆောက်အဦသစ်ရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ငပုတောမြို့နယ်တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဧည့်သည်တော်များနှင့်အတူ ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ပြုလုပ်ရာ အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ရုံးအဆောက်အဦသစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ရုံးအဆောက်အဦသစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို တိုင်းဒေသကြီးတရားရေးဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ငပုတောမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းအား ပေးအပ်ပြီးနောက် အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ထံသို့ အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းအား ဆက်လက်ပေးအပ်ခဲ့ပြီး ငပုတောမြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တရားရုံးအဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။