ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာနှင့် အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ School Cum Shelter ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုများ ပျက်ကွက်မှုမရှိစေရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် မူလတန်းပညာဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသူများနှင့် မူလတန်းပညာ မသင်ကြားခဲ့ရသူများကို ရက်ပေါင်း (၄၀)ကြာ တစ်နေ့လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်၍ ကျောင်းအဆောက်အဦများ ခိုင်ခံ့မှုရှိစေရေး ကြိုတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းခြေဒေသဖြစ်သဖြင့် မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ဆိုင်ကလုန်းရှယ်တာများ၊ ကုန်းမြင့်များသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြရန်လိုပါကြောင်း၊ မိုးလေဝသသတင်းများ၊ မုန်တိုင်းသတိပေးချက်များကိုလည်း အစဥ်အမြဲလေ့လာနေကြရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်း၏ လိုအပ်ချက်အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာတိုင်းဒေသကြီးပညာရေးမှူးက ကျောင်းအဆောက်အဦ၊ ပရိဘောဂ၊ ဆရာ၊ ဆရာမများ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ဘောပင်၊ ခဲတံများနှင့် ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်ချက်တင်ပြမှုများအပေါ်ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေ (၂၆၂.၇၁)ကျပ်သန်းဖြင့်ဆောင်ရွက်သည့် (၁၃၀'×၃၀') RCC နှစ်ထပ် School Cum Shelter တည်ဆောက်ပြီးစီးမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများ လာရောက်ခိုလှုံနေထိုင်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ သောက်သုံးရေရရှိအောင် ဆောင်ရွက်ထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။