ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးများ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးများ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း၊ တုန့်ပြန်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ရေးလုပ်ငန်းများတွင် ထိရောက်မြန်ဆန်စေရန်နှင့် စနစ်တကျတုန့်ပြန်နိုင်ရန် သတင်းအချက်အလက်များကိုအချိန်နှင့်တစ်ပြေးညီရရှိရန် မြို့နယ်အသင်းခွဲများနှင့် အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်လျှက်ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါအမျိုးမျိုးတို့နဲ့ ရင်ဆိုင်ကြုံတွေ့လျှက်ရှိပါကြောင်း၊ ယနေ့ကာလတွင် လူမှုကရုဏာဆိုင်ရာ လိုအပ်ချက်များ ပိုမိုလိုအပ်လာသည်နှင့် အမျှကြက်ခြေနီများအနေဖြင့် ရှေးဦးပြုစုခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကြက်ခြေနီလှုပ်ရှားမှုများ ရေရှည်ပိုမိုစွမ်းဆောင်ရည်ပြည့်ဝရန်အတွက် လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်မှန်းချက်များနှင့် စွမ်းဆောင်ရည်များအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း၍ ပိုမိုတိုးတက်ကောင်းမွန်သည့် နည်းလမ်းများဖြင့် အသင်း၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုအခြေပြုအဖွဲ့အဖြစ် လူမှုကရုဏာလုပ်ငန်းများအား နေရာဒေသမရွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကားများ ပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ကြက်ခြေနီလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကြက်ခြေနီလှုပ်ရှားမှုဗီဒီယိုပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။