ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄)တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်  တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေး မြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ဆရာ၊ ဆရာမများနှင့်တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက ပုသိမ် ပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီကောလိပ်များတွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများ၏အရည်အသွေးများ မြင့်မားတိုးတက်လာစေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးများ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်နေလူဦးရေ (၈၅)ရာခိုင်နှုန်းကျော်ရှိပြီး  တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးငယ်များအား ကျောင်းနေပျော်၍ စာတော် အောင်သင်ကြား ပေးကြရမည်ဖြစ်ပြီး အနာဂတ်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ မိမိတို့၏ တပည့်များကို သင်ကြား ပေးနေသူ များဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည် အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသည် များစွာအကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပြီး ရရှိသည့် အချိန်တွင် ကြိုးစားဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ကျောင်းသို့ရောက်ရှိရေး၊ ပညာသင်နှစ်ပြီးဆုံးသည်အထိ ပညာသင်ကြားရေးအတွက် ဆရာ၊ ဆရာမအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက  ဆွေးနွေးပွဲတက်ရောက် နေသော တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေးပေးမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား ယခုလ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၄၂၀)ဦး တက်ရောက်လျက်ရှိသည်။

24-May-2024