ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်လက်ခံနေမှုများကိုကြည့်ရှုအားပေး၊ မြောင်းမြမြို့၊ သာသနာ့ဗိမာန်အကြီးစားပြုပြင်တည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ် လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ KG တန်းမှ ဒွါဒသမတန်း (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြုစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများကို ကြည်ရှု့အားပေးပြီး ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက်အောင်ချက်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးတာဝန်ရှိသူ များအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်အကြီးစားပြုပြင် တည်ဆောက်ပြီးစီးခြင်း ရေစက်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ မတည်အလှူရှင်နှင့် တာဝန်ရှိသူများက ဗိမာန်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ သာသနာ့ဗိမာန်အကြီးစားပြုပြင်တည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကိုပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မြောင်းမြမြို့၊ ဇေယျမေဒနီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်”ပရိတ်တရားတော်ကို ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မတည်အလှူရှင် ဦးတင့်ဆန်း (ပြည်ထောင်စုဝန်ကြီး - အငြိမ်းစား) မှ သာသနာ့ဗိမ္မာန်ဆောက်လုပ်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ပီတိစကားများ ဆက်လက်လျှောက်ထားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင် များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မြောင်းမြမြို့၊ အလယ်တောရကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာသီဟ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

23-May-2024