ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဓမ္မအောင်တော်မူကံဦးစေတီတော် ရွှေထီးတော်တင်၊ ဌာပနာတော်သွင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ဓမ္မအောင်တော်မူကံဦးစေတီတော် ရွှေထီးတော်တင်၊ ဌာပနာတော်သွင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်၍ဖွင့်လှစ်ခဲ့ပြီးနောက် ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဇောတိဿရ ထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများက စိန်ဖူးတော်နှင့် ဆက်စပ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် (၁၈) မိုင်တောရဆရာတော်ဦးဆောင်၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးပတ်လှည့်လည်၍ပူဇော်ခဲ့ကြပြီး စေတီ​တော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပန်းရထားဖြင့်တင်လှူပူဇော်ခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်အရှင်မြတ်များက စေတီတော်မြတ်ကြီးအား အနေကဇာတင်မင်္ဂလာ ဆင်ယင်ကျင်းပခဲ့သည်။

ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် (၁၈)မိုင်တောရဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။ ဆက်လက်၍ သံဃာတော်များထံသို့ စေတီတော်ဆိုင်ရာ စာရွက်စာတမ်းများအား ကပ်လှူအပ်နှံခဲ့ပြီးနောက် ပိသုကာ ပညာရှင်များကိုယ်စား ဒါယကာတစ်ဦးမှ စေတီတော်တည်ထားနိုင်ရန် ဆောင်ရွက်မှုများကို သံဃာတော်များအား လျောက်ထားခဲ့သည်။

ဆက်လက်၍ အရှင်ဓမ္မဝိစယမှ ထူးမခြားနားရောင်ခြည်တော်ဘွဲ့ ဂါထာတော်ကို ရွက်ဖတ်ပူဇော်ခဲ့ပြီးနောက် သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူအသီးသီးက လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဇောတိဿရ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပြီး ဆရာ​တော်ကြီးများအား ​နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။

17-May-2024