ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စုရှိ တောင်သူဦးပြည့်ဖြိုးဟန်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များစိုက်ပျိုးရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ တောင်သူဦးပြည့်ဖြိုးဟန်၏ စိုက်ဧက(၃)ဧကတွင် ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်အထွက်နှုန်းမှာ စပါးအခြောက် (၁၁၁)တင်း ထွက်ရှိခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင်သူဦးမော်ထွေး၏ စိုက်ဧက(၁၄)ဧကတွင် ပြုလုပ်သည့် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်သည် တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကြဲပက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နန်ကသူဆည်ရေဖြင့် သုံးသီးထပ်မံစိုက်ပျိုးနိုင်ရန် ရေသွယ်မြောင်းတူးဖော်ခြင်း(၄၄၀၀)ပေ၊ အကျိုးပြုဧက(၉၀)ဧကအတွက် လုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က သုံးသီးစိုက်တောင်သူများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် အချိန်မီပေးဝေနိုင်ရေး၊ တောင်သူများအနေဖြင့် ဆည်ရေအား အကျိုးရှိစွာသုံးစွဲနိုင်ရေး မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန(ခြင်ကိုက်ကွင်း+ကွင်းကောက်)ဘိနယ်ပျိုးဉယျာဉ်သို့ သွားရောက်၍ ဌာနဆိုင်ရာများနှင့် လူထုအားဖြန့်ဝေစိုက်ပျိုးနိုင်ရေးအတွက် ပျဥ်းကတိုး၊ ကံ့ကော်၊ ခရေ၊ ရေတမာ၊ မျောက်ငို အထူးပျိုးပင် (၂၅၀၀၀)ပျိုးထောင်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကာလအတွင်း ပျိုးပင်များအချိန်မီဖြန့်ဝေနိုင်ရေးနှင့် စိုက်ပျိုးပြီးသည့်ပျိုးပင်များ ရှင်သန်စေရေး အလေးထားလိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။