ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ကြဲခင်းစနစ် ပပျောက်ရေး/ Seeder နှင့် လက်ဆွဲ ကောက်စိုက်စက် ထုတ်လုပ်နေမှုအခြေအနေ/ ဆီထွက်သီးနှံ အထူးဇုံတွင် စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်၊ ရိုးပြတ်ကျန်ဧရိယာနှင့် (၃)သီးစိုက်ဧကများတွင် ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်း/ခရိုင်/မြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ပြုလုပ်ခဲ့သည်။

ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါကြောင်း၊ ဆွမ်းဆန်တော် အလှူခံမည့် ဆရာတော် သံဃာတော်များကြွရောက်ရန်နှင့် လောင်းလှူပူဇော်မည့် နေရာများအား ကြိုတင် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆွမ်းဆန်တော် လောင်းလှုပူဇော်ပွဲတွင် ဌာနဆိုင်ရာများ၊ အလှူရှင်များဖြင့် စည်စည်ကားကားကျင်းပနေမှုများကို စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်ရန်လိုပါကြောင်း၊ အခမ်းအနားကျင်းပမည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် စောင်းတန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲအား ပြည်သူလူထုပူးပေါင်းပါဝင်ပြီး စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ၁၃၈၆ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် သံဃာတော်များပင့်ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြန်လည်ပင့်ဆောင်ရေးလုပ်ငန်းကော်မတီ၊ လှူဖွယ်ပစ္စည်းများစီစဉ်ရေး၊ ဆွမ်းဆန်တော်လောင်းလှူရေး လုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ထိန်းသိမ်းရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၂ဝ၂၄-၂ဝ၂၅ စိုက်ပျိုးရာသီတွင် ကြဲခင်းစနစ်ပပျောက်ရေး/ Seeder နှင့် လက်ဆွဲ ကောက်စိုက်စက် ထုတ်လုပ်နေမှုအခြေအနေ/ ဆီထွက်သီးနှံအထူးဇုံတွင် စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်၊ ရိုးပြတ်ကျန်ဧရိယာနှင့် (၃)သီးစိုက်ဧကများတွင် ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်း/ခရိုင်/မြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“သီးနှံစုံစိုက်ဧကမှန်ကန်ရေး၊ ကိန်းဂဏန်းစာရင်းဇယားများမှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များအပြည့်အဝ ထည့်သွင်းစိုက်ပျိုးမည် ဖြစ်၍ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အစီရင်ခံတင်ပြရန်လိုပါကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ အချိန်မီထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများကလည်း ကြပ်မတ်ရန်လိုပါကြောင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ မိုးစပါးရာသီတွင် ပန်းတိုင် အထွက်နှုန်းရောက်ရှိမည့် ခရိုင်များရှိသော်လည်း မရောက်သေးသည့် ခရိုင်များမှ တွန်းအားပေးကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် ရေငန်တားတာများ တည်ဆောက်၍ ရေချိုထိန်းကာ နှစ်သီးစိုက်ပျိုးနိုင်အောင်ဆောင်ရွက်ခြင်း၊ ရေငန်ဒဏ်ခံနိုင်သည့် စပါးမျိုးများ ကိုစိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးသည့် စိုက်ဧက သိန်း(၂၀)ကျော်ရှိကြောင်း၊ ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးသည့်နေရာများတွင် စပါးမျိုးစေ့ချ ကိရိယာ၊ လက်စွဲကောက်စိုက်များဖြင့် စိုက်ပျိုးပြီး အထွက်နှုန်းနည်းသည့် ကြဲခင်းစနစ် ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် ရိုးပြတ်ကျန်ဧက များမှ ခြောက်သောင်းကျော်အား ဖော်ထုတ်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်းဆက်လက် ဖော်ထုတ်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် စပါးမျိုးစေ့ချကိရိယာ၊ လက်စွဲ ကောက်စိုက်စက်ကဲ့သို့ ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေးအတွက်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ထုတ်လုပ်နိုင်ပါက ဒေသခံတောင်သူ များအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ပီလောပီနံနှင့်ကော်ဖီကိုလည်း တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ပြီး ပီလောပီနံဧကခြောက်သောင်းနှင့် ကော်ဖီဧကတစ်သောင်းကျော် စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည် တိုးတက် စိုက်ပျိုး နိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင် အောင်စိုက်ပျိုးနိုင်ရေး၊ ပျဉ်းကတိုးအစရှိသည့် နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီမှုများအား ကော်ဖီပညာရှင်များနှင့် ကော်ဖီစိုက်ပျိုးသူလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများကို ဇုန်အလိုက်သတ်မှတ်၍ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်များအောင်မြင်စေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်" အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ကြဲခင်းစနစ်ပပျောက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆီထွက်သီးနှံ အထူးဇုံတွင် စိုက်ပျိုးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ရိုးပြတ်ကျန်ဧရိယာနှင့် (၃)သီးစိုက်ဧကများ ဖော်ထုတ်ထားရှိမှုအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မြို့နယ်အလိုက်ရိုးပြတ်ကျန်ဧရိယာများအပေါ် ၂၀၂၄-၂၀၂၅ခုနှစ်တွင် နွေစပါးနှင့်ဆောင်းသီးနှံများ ဖော်ထုတ်စိုက်ပျိုးမည့် လျာထားမှုအပေါ် ရေရရှိရေးဆောင်ရွက်ထားမှုအခြေအနေအားလည်းကောင်း၊ ခရိုင်စိုက်တိုးမြှင့်ဥက္ကဋ္ဌများက ပိုက်ဆံလျှော်ထုတ်လုပ်မှု၊ မျိုးစေ့ရရှိမှုနှင့် မျိုးလိုအပ်မှုခြေအနေများ၊ မျိုးစေ့ဖြန့်ဖြူးမှု၊ ကြဲခင်းစနစ်ပပျောက်ရေးဆောင်ရွက်မှု အခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာ ပိုင်ဆိုင်ထားရှိမှုအခြေအနေ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှုနှင့် ထွက်ရှိမှုများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

13-May-2024