ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်း အဝေးကို (၇.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေခရီးသွား လုပ်ငန်းများသည် ပိုမိုတိုးတက်လာပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များလည်း ပိုမို ဝင်ရောက်လာပါကြောင်း၊ ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် ရန်ကုန်-ပုသိမ်ကားလမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းများအား လမ်းအဆင့်မြှင့် တင်ခြင်း၊ လမ်းပုခုံးသားတိုးချဲ့ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးသည် အရေးကြီးပါကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ စိမ်းလမ်းစိုပြေရေးနှင့် မြို့ရွာများသန့်ရှင်းသပ်မှုရှိစေရေး စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဟိုတယ်၊ တည်းခိုခန်းများအနေဖြင့် အဆင့်နှင့်လျော်ညီစွာ ဆောင်ရွက်ရန်လိုအပ်ပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဝန်ထမ်းများ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်အသစ်များရေးဆွဲခြင်းနှင့် ခရီးသွားစွဲဆောင်မှုများ ပါဝင်သော ခရီးသွားမြှင့်တင်ရေး ကြော်ငြာများ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွား လုပ်ငန်းဖြင့် တိုင်းဒေသကြီး၏ MSME လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာအဆောက်အဦများဆောက်လုပ်ရန် လုပ်ငန်းရှင်များ၏ တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးတင်ပြရန်လိုအပ်ပြီး မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြရာတွင် အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်များအနက် ပြည်နယ်/ တိုင်းဒေသကြီးများမှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်(၁၇)ချက် နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM- Trip) အစီအစဉ်အဖြစ် ငွေဆောင်ဒေသသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်အားလည်းကောင်း၊ ငွေဆောင်မြို့၊ ဟိုတယ်ဇုန်တွင်၊ ဘန်ဂလိုတည်ဆောက်ခွင့်ပြုပါရန် လုပ်ငန်းရှင်မှ တင်ပြလျှောက်ထားလာမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖော်ထုတ် ထားရှိသော ခရီးစဉ်များအနက်(၁) ညအိပ် (၂) ရက် ခရီးစဉ်ဖြစ်သည့် ရန်ကုန်-ဟင်္သာတ- ကြံခင်း အကောက်တောင် ခရီးစဉ်အား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုသိမ်ရုံးမှ မြေပြင်ကွင်းဆင်းလေ့လာ ဆောင်ရွက်ပြီး ဖြစ်ပါသဖြင့် ကွင်းဆင်းတွေ့ရှိမှုအခြေအနေများကို လည်းကောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုကဏ္ဍများတွင် ပါဝင်သော စခန်းချအပန်းဖြေလုပ်ငန်းဆိုင်ရာ အနည်းဆုံး လိုအပ်သည့် အခြေခံအချက်များအား ဝန်ကြီးဌာနမှ (SOP) မူကြမ်းရေးဆွဲပြုစုပြီးဖြစ်ပါ၍ အဆိုပါ (SOP) မူကြမ်းအပေါ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများမှ အတည်ပြုသဘောထား ပြန်ကြားပေးပါရန် ပေးပို့လာခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ သဘောထား အကြံပြုပေးနိုင်ပါရန် ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ ဝင်များနှင့် တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက အထွေထွေ ဆွေးနွေးခဲ့ကြပြီး ကော်မတီအတွင်းရေးမှူး၏ တင်ပြချက်များအပေါ် အတည်ပြုမှတ်တမ်းတင် ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

08-May-2024