မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ငရုတ်ကောင်း-ဂေါ်ရီဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတားတည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ စေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်ဆေးကြောသန့်စင်ခြင်းနှင့် ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် စေတီတော်ကြီး၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း-ဂေါ်ရီဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတား၊ တံတားအရှည် (၁၂၈၀) ပေ၊ ယာဥ်သွားလမ်းအကျယ် (၂၄) ပေ၊ ရေလမ်းကင်းလွတ်အကျယ် (၇၈.၇၄၄) ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၁၂.၂) မီတာ၊ (Bored Pile RC Concrete) အမျိုးအစား တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံမှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ရရှိရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ၂၀၂၄ - ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေ ကျပ်သန်း (၁၂၂၈.၅၀) ဖြင့်ဆောင်ရွက်မည့် လျာထားလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါတံတားတည်ဆောက်ပြီးစီးမှုမှာ (၉၂.၅ % ) ဆောက်ရွက်ပြီးဖြစ်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့၊ မူလတန်းကြိုကျောင်းစာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။