ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၃/၂၃) ဒုတိယနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းနှင့် နွေရာသီအားကစားသင်တန်းများကြည့်ရှု့အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၃/၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက“ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဆရာ၊ ဆရာမတို့သည် အလုပ်စတင်ဝင်ရောက်ချိန်မှစ၍ သင်ကြားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေရင်းဖြင့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းကို တက်ရောက်နေကြသူများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့်လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ပြုစုပျိုးထောင်နေကြသူများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်း (၇၂၀၀)ကျော်ရှိပြီး ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပညာရေး ကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များ များစွာ မွေးထုတ်ရာ တိုင်းဒေသကြီး လည်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေး အတွက်လည်း ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် လိုအပ်ချက်အခက်အခဲများရှိပါကလည်း တင်ပြပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကထောက်ပံ့ငွေများပေးအပ်ရာ မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများက လိုအပ်ချက်အခက်အခဲများကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ မြောင်းမြ ပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း(၃/၂၀၂၃)သင်တန်းတွင် မြောင်းမြမြို့နယ်မှ(၅၃)ဦး၊ ဝါးခယ်မ မြို့နယ်မှ (၅၄)ဦး၊ အိမ်မဲ မြို့နယ်မှ (၃၃)ဦး၊ လပွတ္တာမြို့နယ်မှ (၃၂)ဦး၊ မော်လမြိုင်ကျွန်း မြို့နယ်မှ (၂၁)ဦး၊ သာပေါင်း မြို့နယ်မှ (၁)ဦးနှင့် အင်္ဂပူမြို့နယ်မှ(၁)ဦး စုစုပေါင်း ဆရာ၊ ဆရာမ (၁၉၅)ဦး တက်ရောက်လျက်ရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြဧရာရေကူးကန်တွင် နွေရာသီအားလပ်ရက်များတွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် အခြေခံရေကူးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် တိုင်းဒေသကြီးလက်ရွေးစင်ရေကူးအားကစားသမားများ လေ့ကျင့်နေမှုများကိုလည်းကောင်း ဂျူဒိုအားကစားခန်းမတွင် အခြေခံဂျူဒိုသင်ကြားပြသနေမှုများနှင့် တိုင်းဒေသကြီးလက်ရွေးစင် ဂျူဒိုကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။