တိုင်းဒေသကြီးဝန်ကြီးချုပ် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ခတ္တိယကျေးရွာ၊ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ GW-11နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ငါးနှင့်စပါး အလှည့်ကျ မွေးမြူ၊ စိုက်ပျိုးရာတွင် အထွက်တိုး မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးမွေးမြူကြရန် မှာကြားခဲ့ပါသည်။
အဆိုပါ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ ငါးမွေးမြူရေးကန်များမှ ငါးဖမ်းပြီး လှပ်ထားသည့် ဧက ၁၆၀၀ တွင် နွေစပါး GW-11 ၈၉၀ ဧက၊ ထွန်းပု ၄၆၅ ဧက၊ ရက်ကိုးဆယ် ၂၄၅ ဧက စိုက်ပျိုးထားရှိပြီး GW-11နွေစပါးစံကွက် ရိတ်သိမ်းရာတွင် ၁ ဧကလျှင် စပါးအခြောက် ၁၃၀ တင်း ထွက်ရှိပါသည်။ စပါးသိမ်းပြီးစီးသည့်ငါးကန်များတွင် ရေပေးသွင်းကာငါးများပြန်လည်မွေးမြူထားကြောင်းသိရသည်။ ငါးဖမ်းပြီးချိန်တွင် စပါးစိုက်ပျိုးခြင်းကြောင့် ငါးမှစွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက် မြေသြဇာအဖြစ်ရရှိခြင်း၊ သွင်းအားစုကုန်ကျစရိတ်များလျော့ချနိုင်ခြင်း၊ ငါးပြန်လည်မွေးမြူရာတွင် အဆိပ်အတောက်ဖြစ်စေနိုင်သည့် အမိုးနီးယားကိုလျော့ချပေးနိုင်ခြင်း၊ စပါး၊ ငါး ဝင်ငွေနှစ်မျိုးရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ ငါးမွေးမြူရေးကန်အမှတ်(R2) ၁၆ ဧကတွင် ငါးမြစ်ချင်းငါးဖမ်းဆီးနေမှုများကို ကြည့်ရှုခဲ့သည်။