တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်သာပေါင်းမြို့နယ်ရှိ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဒရယ်ကူးဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားတက်ရောက်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒရယ်ကူးကျေးရွာတွင်တည်ဆောက်ပြီးစီးသည့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဒရယ်ကူး ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ အင်ဂျင်နီယာချုပ် (ဓာတ်အား ဖြန့်ဖြူးရေးဌာန) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ များနှင့် ဒေသခံများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီး၊ အင်ဂျင်နီယာချုပ် (ဓာတ်အားဖြန့်ဖြူးရေးဌာန) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်ဒုတိယအပိုင်းအားပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဒရယ်ကူးဓါတ်အားခွဲရုံ တည်ဆောက်ပြီးဖြစ်၍ အနီးနားရှိကျေးရွာများ၏လျပ်စစ်ဓါတ်အား လိုအပ်ချက်ကိုပိုမိုဖြည့်ဆည်း ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓါတ်အားရရှိလာသည်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ရန် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများလျာထားခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းအောင် အသုံးပြုကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူကောင်းကျိုးဆောင်ရွက်သည့် နေရာမှာမွန်မြတ်သော စိတ်စေတနာကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ၆၆/၁၁ ကေဗွီ၁၀ အမ်ဗွီအေ ဒရယ်ကူးဓာတ်အား ခွဲရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ပစ္စည်းအား နေရာအရောက်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံ Control Room အတွင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ဒေါင့်ကြီးကျေးရွာသို့ သွားရောက်၍ ၆၆/၁၁ ကေဗွီ၁၀ အမ်ဗွီအေ ဒရယ်ကူးဓာတ်အားခွဲရုံသစ်မှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမှုနှင့် ဒေသခံပြည်သူများမှ လျှပ်စစ်သုံးစွဲနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဘတ်ချောင်းကျေးရွာအုပ်စုရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများရိတ်သိမ်းနေမှုနှင့် မျိုးစေ့စုဆောင်းထားရှိအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး၊ မျိုးစေ့များ စနစ်တကျသိမ်းဆည်းထားရှိစေရေးနှင့် လာမည့်မိုးစပါးရာသီတွင် စိုက်ဧကများပြည့်ဝစွာ ထည့်သွင်းစိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။

25-Mar-2024