ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်လောင်းလှူပူ‌ဇော်

သာသနာတော်နှစ်၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊‌ ရေကြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်‌တော်များလောင်းလှူခဲ့ကြသည်။

ဦးစွာ ဘုရားအမှူးပြုသော ရေကြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၈၅)ကျောင်းမှ သံဃာတော် (၅၁၉)ပါးနှင့် သီလရှင်ကျောင်း(၁၂)ကျောင်းမှ သီလရှင် ဆရာကြီး၊ဆရာလေး (၇၄)ပါး၊စုစုပေါင်း (၅၉၃)ပါးတို့မှ ဒီပါရုမ်စေတီတော်မြတ်ကြီးအား လက်ယာရစ် ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို အလှူခံတော်မူရာ ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားအား သန္တိသုခတန်ဆောင်း‌တော်အတွင်း၌ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် ဒီပါရုမ်စေတီတော် ဂေါပကမှ လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ ဒီပါရုမ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက (၈)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့ရိုးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုအစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ကြကာ ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရေကြည်မြို့နယ်၊ ရန်မျိုးအောင်- ရုံးတုံး- အစုကြီးကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ဧရာဝတီမှ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၁မိုင်၂ဖာလုံ) အကျယ်၁၂ပေနှင့် ထု၇လက်မရှိကြောင်းသိရပြီး ကျေးရွာ(၁၅)ရွာ၊ အိမ်ခြေ(၁၉၅၀)မှ လူဦးရေ(၅၉၇၃)ဦးအား အကျိုးပြုမည်ဖြစ်သည်။

24-Mar-2024