ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းတန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအနေဖြင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ဒေသခံများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းအလမ်းများ ပိုမိုရရှိလာမည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး မြို့ကြီးများတွင်လည်း ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသည် လက်တွေ့အသုံးဝင်သကဲ့သို့ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းသည်လည်း အမျိုးသမီးငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် လက်တွေ့ လုပ်ငန်းခွင်ဝင် ဆောင်ရွက်ရာတွင် လိုအပ်ချက်များမရှိစေရေး စာတွေ့လက်တွေ့ပြည့်စုံစွာ သင်ကြားပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ သင်ကြားလေ့လာတတ်မြောက်သည့် ဘာသာရပ်အလိုက်ဖန်တီးမှုအသစ်များကို တီထွင်ကြံဆမှုများဖြင့် အောင်မြင်အောင်ကြိုးစား ဆောင်ရွက်သွားကြရန်နှင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ အကျိုးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောက်ရွက်ကြ စေလိုကြောင်း” အမှာစကား များ ပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများအား ထူးချွန်ဆုများနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းတန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီး ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇)မှ သင်းတန်းသားများကိုယ်စား သင်တန်းသူတစ်ဦးနှင့် သင်တန်းအားတစ်ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ် ခဲ့ပြီးနောက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းအုပ်က သင်တန်းမှသင်ကြား ပေးသည့် သင်ခန်းစာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသူများ ချုပ်လုပ်ထားသည့်လက်ရာများကိုကြည့်ရှုအားပေးခဲ့သည်။ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း တန်းကျောင်း(ပုသိမ်) တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)၌ သင်တန်းသူ (၂၅)ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇)၌ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။

22-Mar-2024