ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်း၌တွင် တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှတာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် တိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က“ မိမိတို့ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်း လုံးလုံးဖြင့် စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် အခမ်းအနားများကို အစဉ်အလာမပျက် ကျင်းပနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ TA/LT ဆရာဆရာမ ၆၃၀ဦးထပ်မံခန့်ထားနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာ သင်ကျောင်း ၁၂၆ကျောင်းကိုလည်း တိုးချဲ့ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားဘာသာများသင်ကြား ပေးခြင်းဖြင့် တိုင်းရင်းသားကလေးငယ်များအတွက် စာပေလေ့လာသင်ယူရာတွင် လွယ်ကူစွာ လေ့လာ သင်ယူနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင်ဆရာ/ ဆရာမများကလည်း ကလေးငယ်များပညာရေးကောင်းမွန်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များ ဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေး ကြရမှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်စသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားများ အနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အပြန်အလှန်အကြံပြုဆွေးနွေးကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ အတူတကွလက်တွဲဖော်ဆောင် ကြစေလိုကြောင်း” တိုက်တွန်း အမှာ စကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြ သူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီးနောက် ပုသိမ်တက္ကသိုလ် မြန်မာစာဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ တိုင်းရင်းသားရေးရာအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယပိုင်းအားဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရသည်။

21-Mar-2024