ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ကျုံခမွန်ကျေးရွာသို့ရောက်ရှိ၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံခမွန်-မြောက်စုကျေးရွာခြင်းဆက် ကျောက်ချောလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကျောက်ချောလမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀) ပေ၊ အကျယ် (၁၂) ပေနှင့် ထု (၆) လက်မရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုသို့ရောက်ရှိ၍ တောင်သူ ဦးကိုဋ္ဌေး၏ တစ်နှစ်သုံးသီးစိုက် မိုးစပါး - မတ်ပဲ-နွေစပါး စိုက်ဧက(၂)ဧကတွင် နွေစပါး ရက် (၉၀) စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှု၊ နွေစပါး နယူးဧရာ(၁)စပါးမျိုး(၁)ဧက ပျိုးထောင်စိုက်ပျိုးထားရှိမှုနှင့် နွေစပါးနယူးဧရာ(၁) စပါးမျိုး(၁)ဧကအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိုးပြတ်ကျန်ဧကများမရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ယုန်သလင်းကျေးရွာအုပ်စု၊ ရွှေမန်းလွင်ကျေးရွာသို့ရောက်ရှိ၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထု(၆)လက်မရှိကြောင်းသိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လက်သမားကရင်ကျေးရွာ၌ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် (လက်ကရင်ကျေးရွာမှ ပဆငလမ်း) သို့ဆက်သွယ်ထားသော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၀၀၀) ပေ၊ အကျယ် (၁၀)ပေနှင့် ထု (၆) လက်မ ရှိကြောင်းသိရသည်။

18-Mar-2024