တိုင်းဒေသကြီးဝန်ကြီးချုပ် ဆောင်းနေကြာစံပြ(၁၀)ဧက စံကွက်ရိတ်သိမ်းပွဲအခမ်းအနားအား တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူ​ကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာရှိ (၆၂)နှစ်​မြောက် ​တောင်သူလယ်သမား​နေ့တွင် ​နေကြာ(၁၀)ဧက မြို့နယ်ထူးချွန်ဆုရရှိခဲ့သည့် တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၁၀)ဧကတွင်( Super sun-41 )​ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဌာဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အပွင့်အရေအတွက်အရွယ်အစားအလိုက်အောင်စေ့ထွက်ရှိမှု၊ မျိုးရွေးချယ်မှုများ၊ အထွက်နှုန်းများ၊ ​နေကြာဆီကြိတ်ခွဲမှုများအား စနစ်တကျ မှတ်တမ်းထားရှိရန်၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရန်နှင့် ရိတ်သိမ်းပြီးနေကြာပင်များအား သဘာဝ​မြေသြဇာများ ပြုလုပ်၍ အကျိုးရှိစွာ အသုံးပြုရန်မှာကြားခဲ့ပါသည်။ အဆိုပါ ​( Super sun-41 )​ဆောင်းနေကြာစံပြကွက် ရိတ်သိမ်းရာမှ (၁)ဧကလျှင် ​နေကြာတင်း (၅၂.၄၇)တင်း ထွက်ရှိခဲ့​ပါသည်။

တိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် (၁)မြို့နယ်လျှင် ​နေကြာ(၁၀)ဧက စံပြစိုက်ခင်းများထူထောင်ပြီး ​တောင်သူအသိပညာ​ပေး​ဆောင်ရွက်ခဲ့ရာ ယခုစိုက်ပျိုးထား​သော​မြေအမျိုးအစားမှာ နေကြာဖြစ်ထွန်းသော သဲနုန်းမြေမဟုတ်သော်လည်း ရိုးပြတ်ကျန် လယ်မြေပေါ်တွင် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်များဖြင့် ရေကိုဂရုတစိုက် ပေးခြင်း၊ နည်းပညာကို စနစ်တကျ အသုံးချခြင်း ၊ ဓါတ်မြေဩဇာ သဘာဝမြေဩဇာများကို မြေခံထည့်သွင်းခြင်း၊ အပင်ရက်သားအဆင့်ဆင့်အလိုက် ရွက်ဖျန်းအားဆေး၊ အပင်ပိုးမွှားရောဂါကာကွယ်ဆေးဖျန်းခြင်းများ၊ ဓါတ်မြေဩဇာ သဘာဝမြေဩဇာများ အပင်သက်တမ်းအလိုက်အချိန်ကိုက်အချိုးကျ ထည့်သွင်းပေးခြင်း၊ အပင်ပေါက်စုံရန်အချိန်မှစ၍ ဖူးကင်းဝင်စအချိန် ပျားပုံးများ ချထားခြင်း၊ ရိတ်သိမ်းချိန်အထိ အမြဲမပြတ် ဂရုစိုက်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းများကြောင့် အောင်မြင်ဖြစ်ထွန်းခဲ့ပါသည်။

တောင်သူများမှလည်း အမြဲမပြတ် လာရောက် လေ့လာခဲ့ခြင်း၊ အောင်မြင်ဖြစ်ထွန်းမှုများအပေါ် အဆင့်ဆင့် လုပ်ဆောင်ခဲ့မှုများအား အသိပညာ​ပေး ရှင်းလင်းပြသခဲ့ခြင်းများကြောင့် နေကြာဖြစ်ထွန်းမြေမဟုတ်သော်လည်း မြေပြုပြင်မှု၊ ရေအသုံးချမှု၊ မျိုးကောင်းမျိုးသန့်ရွှေးချယ်စိုက်ပျိုးခဲ့မှု၊ နေကြာစိုက်ပျိုးခြင်းနည်းပညာအသုံးချမှုတို့ကိုဆောင်ရွက်ခဲ့မှု၊ အမြဲမပြတ် အပင်ပြုစုဂရုစိုက်မှုတို့ကြောင့် အပင်ဖြစ်ထွန်းအောင်မြင်ခဲ့သဖြင့် တောင်သူများမှ နေကြာစိုက်ပျိုးမှုအပေါ် စိတ်ပါဝင်စား၍ ယုံကြည်မှုများရှိလာ​ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့မှ သွားဘက်ဆိုင်ရာဆရာဝန်၊ ခွဲစိပ်အထူးကု၊ အရိုးအထူးကု၊ ဆေးပညာအထူးကု၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာရောက်ကုသသည့် လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားခဲ့ပါသည်။

အထူးကုဆေးကုသရေးအဖွဲ့သည် သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါလူနာ (၁၁၂)ဦး၊ ခွဲစိတ်လူနာ (၂၅) ဦး၊ အရိုးရောဂါလူနာ (၈၆) ဦး၊ သားဖွားမီးယပ်လူနာ (၄၁) ဦး၊ မျက်စိလူနာ (၁၁၂) ဦး၊ ကလေးလူနာ (၁၄) ဦး၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေးလူနာ (၄)ဦး၊ သွားရောဂါလူနာ (၂၉) ဦး၊ စုစုပေါင်းလူနာ (၄၂၃) ဦး တို့ကို ကြည့်ရှုဆေးကုသမှုပေးခဲ့ပြီး တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (၆၀) ဦး၊ ECG နှလုံးစက်ဆွဲခြင်း (၅၇)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

17-Mar-2024