တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၂ရက်နေ့ နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်အမယ်များအား ဒေသအလိုက် ထုတ်လုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆန်၊ စပါး၊ ပီလောပီနံ၊ ရာဘာ၊ အုန်းချိုမွှေး၊ ငါး၊ ပုစွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများ၊ ဆားလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်းများ စသည့် လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး One Region One Product ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိရစ္ဆာန်အစာနှင့် မြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေးလိုအပ်နေ ပါသေးကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် အလားအလာ ကောင်းမွန်ပြီး ရေရှည်တိုးတက်ထုတ်လုပ်နိုင်သည့် လုပ်ငန်းအမယ်များကိုစဉ်းစား ရေးဆွဲ ဆောင်ရွက်ရန်လိုပါကြောင်း၊ Work Plan ရေးဆွဲရာတွင် လက်တွေ့အကောင်အထည်ဖော် အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းများအလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ရမည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ နည်းပညာလိုအပ်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေး တက်ရောက်လာကြသူများမှ လိုအပ်သည်များကိုအသေးစိတ်တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေးနှင့်စပ်လျည်း၍ တက်ရောက်လာသည့် ဆန်/ဆန်ကွဲ၊ ပေါင်းဆန်၊ စပါးခွံ လောင်စာတောင့်လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်းတန်ဖိုးမြှင့် ထုတ်ကုန်များနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ငှက်သိုက်လုပ်ငန်းရှင်များ၊ ဒေသထွက် စားသောက်ကုန်လုပ်ငန်းရှင်များ၊ ပီလောပီနံလုပ်ငန်းရှင်များ၊ နေလှန်းဆားလုပ်ငန်းရှင်များ၊ ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ဝါး လက်မှု ပစ္စည်းများ နှင့်ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ဝါး၊ ကြိမ်၊ ဗေဒါ၊ သင်အခြေခံလူသုံးကုန်ပစ္စည်း ထုတ်ကုန်များနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးချက်များနှင့် ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ARCCI အတွင်းရေးမှူး၊ ပုသိမ်တက္ကသိုလ် သတ္တဗေဒဌာန၊ ပါမောက္ခဌာနမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနမှူးတို့မှ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာလိုအပ်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ သုတေသနပြုဆောင်ရွက် နေမှုများနှင့် မျိုးသန့်မျိုးစပါးများ သုတေသနပြုဆောင်ရွက်ထားရှိမှု အခြေအနေများဆွေးနွေး တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကြမ်းများ အသုံးပြု၍ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ အလုပ်ရုံ၊ စက်ရုံများပေါ်ထွက်လာစေရေး၊ သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ ဆီဖူလုံစေရေးနှင့်မွေးမြူရေးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင် စေရေးနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

13-Mar-2024