ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားတက်ရောက် ဖွင့်လှစ်ပေးကာ ဆုများချီးမြှင့်ခဲ့

ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့် အတူမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တက်ညီလက်ညီ အသင်းအဖွဲ့များ စုံလင်စွာဖြင့် ရောက်ရှိပြီး မြန်မာ့ရိုးထမနဲထိုးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရန် အသင့်ဖြစ်နေကြပြီဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်စည်းကမ်းများကိုလည်း ကြိုတင်သတ်မှတ်ပေးထားကာ ယခင်နှစ် သတ်မှတ်ချက်များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကိုလည်း ချိန်ထိုး၍ ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ယှဉ်ပြိုင်ကြသွားရန်နှင့် ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်္ဂလာရွှေမောင်းအား တီးခတ်၍ ပြိုင်ပွဲစတင်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များ၏ ထမနဲ ထိုးယှဉ်ပြိုင်နေမှုများနှင့် အိုးစည်၊ ဗုံမောင်းများတီးမှုတ်ကခုန်အားပေးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးသစ်လုပ်ငန်း၊ တိုင်းဒေသကြီးဆားလုပ်ငန်းကိုယ်စားပြုအသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အကျဉ်းဦးစီးဌာနအသင်းအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း (၁)သင်း၊ ဌာနဆိုင်ရာ (၁၆)သင်း၊ ရပ်ကွက်(၁၅)သင်း စုစုပေါင်း(၃၂)သင်းတို့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

23-Feb-2024