တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)အား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် လယ်ယာမြေနှင့်ပတ်သက်၍ အမှုတွဲများ များပြားပါကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံးဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်လိုပါကြောင်း၊ မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှင်းလင်းတင်ပြမည့်အမှုတွဲများကို အချက်အလက်များပြည့်ပြည့်စုံစုံအချိတ်ဆက်မိမိဖြင့် ရှင်းလင်းတင်ပြရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ” အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူးက တောင်သူများအား နစ်နာကြေးနှင့် လျော်ကြေး ပေးလျော်နိုင်ရေးအတွက် တင်ပြလာသည့်ကိစ္စ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် ဒုတိယမူရင်း (သို့) မိတ္တူမှန် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားတင်ပြလာသည့်ကိစ္စ၊ (ပုံစံ-၇)အား ပယ်ဖျက် ပေးနိုင်ပါရန် စိစစ်တင်ပြလာသည့်ကိစ္စ၊ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ အယူခံတင်ပြလာခဲ့ရာ သတ်မှတ်အယူခံကာလထက် ကျော်လွန်ပြီးမှဝင်ရောက်လာသည့်ကိစ္စ၊ သတ်မှတ်ဒဏ်ကြေးပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာသည့်ကိစ္စ၊ လယ်ယာမြေ ပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်/ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဒဏ်ကြေးအဆိုပြုတင်ပြခဲ့ရာ တင်ပြလာသည့် တစ်ဧက ဇုန်နှုန်းမှာ ယခုကာလပေါက်ဈေးနှင့် လျှော်ညီမှုမရှိသဖြင့်စိစစ်ပြီး ပြန်လည်တင်ပြလာသည့်ကိစ္စ၊ လယ်မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်/ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဒဏ်ကြေးအဆိုပြု တင်ပြလာသည့်ကိစ္စ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာမြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်ရရှိရေးအတွက် လယ်ယာမြေဥပဒေပုဒ်မ- ၃ဝ(က)၊ ၃၀(ခ)အရ လျှောက်ထားလာမှုများအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြန်လည်စိစစ်တင်ပြရန် ဆုံးဖြတ်ထားသည့်အမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်ပြီး ပြန်လည်တင်ပြလာသည့်ကိစ္စ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခုမှ လယ်ယာမြေ ပေါ်တွင် အခြားနည်းသုံးစွဲခွင့်ရရှိရေးအတွက် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က)နှင့် ၃၀ (ခ) တို့အရ လျှောက်ထားလာသည့်အမှုတွဲများအား ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်တင်ပြလာသည့်ကိစ္စ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ်ချက်ကိုမကျေနပ်၍ လယ်ယာမြဥပဒေပုဒ်မ (၂၅)အရ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ အယူခံဝင်တင်ပြလာသည့် ကြားနာစိစစ်ပြီး မြေယာအယူခံ မှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီးနောက် အဖွဲ့ဝင်များက အထွေထွေဆွေးနွေး တင်ပြ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

23-Feb-2024