တိုင်းဒေသကြီးဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်ရှိ စနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀)အား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော စက်မှုလယ်ယာ စနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀)အား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာရှိ စနစ်ကျလယ်ယာမြေ ဧက(၁၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါလယ်ဧကတွင် နွေစပါး နယူးဧရာ(၁)စပ် မျိုးစပါးပျိုးထောင်၍ ကောက်စိုက်သမများနှင့် စနစ်တကျစိုက်ပျိုးခြင်း၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ (Seeder) စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း များကိုကြည့်ရှုအားပေးခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် စပါးခွံမြေဆွေးနှင့် ဓါတ်မြေဩဇာ အချိုးကျရောစပ်၍ စုပေါင်းမြေဩဇာကြဲပတ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာ စနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀) ဖော်ထုတ်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်းနှင့် တောင်သူ များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်း ဒေသကြီးသည် သီးနှံစုံအထွက်တိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မရဲ့အုန်းပင်စုကျေးရွာသည် စံပြကျေးရွာအဖြစ်တည်ရှိပြီး စနစ်ကျလယ်ယာမြေတွင် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချစိုက်နည်းစနစ် (Seeder)စသည့် ခေတ်မီစိုက်နည်းစနစ်များ စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ ပန်းတိုင် အထွက်နှုန်းရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စနစ်တကျမြေခံထည့်သွင်းခြင်း၊ မြေဩဇာ အချိုးကျ ထည့်သွင်းသုံးစွဲခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ စနစ်ကျ လယ်ယာမြေများဖော်ထုတ် စိုက်ပျိုးခြင်းဖြင့် သုံးသီးစိုက်လယ်မြေများဖြစ်ထွန်း အောင်မြင် စေရေး တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုတက်စေရေး ဌာနဆိုင်ရာများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက စက်မှုလယ်ယာ စနစ်ကျ စံပြလယ်မြေ ဧက(၁၀၀) ဖော်ထုတ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရရှိမည့် အကျိုးကျေးဇူးများအားလည်းကောင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူးမှ မြေစာရင်းမြေပုံမှန်ကန်စေရေး ဆောင်ရွက်နေမှုနှင့် အကျိုးကျေးဇူးများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် စက်မှုလယ်ယာ စနစ်ကျ စံပြလယ်မြေ ဧက(၁ဝဝ) ဖော်ထုတ်ရေးအဖွဲ့ အောက်မြန်မာပြည်(သံလျင်) အခြေစိုက် ဒုတိယတာဝန်ခံ ဦးစီးအရာရှိက စနစ်ကျလယ်ယာမြေဧက ဆောင်ရွက်ထားရှိမှု စာရွက်စာတမ်း နှင့် အထောက်အထားများအား တောင်သူများထံသို့ ပေးအပ်ရာတောင်သူများက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအားတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူအစုအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်နည်းစနစ်များ ပြောင်းလဲ စိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တစ်နှစ်သုံးသီးအထိ စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြသထားသည့် လယ်ယာသုံးစက်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာအုပ်စုရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၅၀)ဧက၌ စိုက်ပျိုးထားသည့် နယူးဧရာ(၁)စပ်မျိုး နွေစပါးစိုက်ခင်း ဖြစ်ထွန်းအောင်မြင်မှုများနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ နယူးဧရာ(၁)စပ်မျိုး စပါး၏ ပင်ပွားရရှိမှု၊ တစ်နှံအောင်စေ့ပါဝင်မှု၊ စပါးခွံဘိုကာရှီ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျသုံးစွဲမှုဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အထွက်တိုးမျိုးကောင်းမျိုးသန့်များအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေး၊ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိုးကျသုံးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့သည်။

19-Feb-2024