ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတက်ရောက်
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်ရေးရာ ကော်မတီဖွဲ့စည်းရသည့် ရည်ရွယ်ချက်အားရှင်းလင်းဆွေးနွေးကာ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်တွင်ပါရှိသည့် လူငယ်ဆိုင်ရာ ကဏ္ဍ(၁၆)ခုတွင် ဦးစားပေး ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် (၅၈) ခု၊ ဆောင်ရွက်ချက် (၁၂၁)ခုတို့အား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင် မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘက်ပေါင်းစုံမှ အရည်အသွေးပြည့်၀လာစေရန် စနစ်တကျ ပြုစုပျိုးထောင်းပေးရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးဟောပြောပွဲသို့ တက်ရောက် လာကြသည့် မောင်တို့မယ်တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများကို ပြုလုပ်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊ အားကစား၊ အနုပညာ ဘာသာရပ် များတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လေ့လာသည့်ဘာသာရပ်များကို ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ယူ၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ကောင်းမွန်စွာ အကျိုးပြုနိုင်ပါစေကြောင်းနှင့် ယနေ့ပြုလုပ်သည့် ဟောပြောပွဲမှတစ်ဆင့် ဗလ ငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များ ဖြစ်ပါစေကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းပြည်၏အနာဂတ်အတွက် လူငယ်များ၏အရေးပါမှု အခန်းကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပုသိမ်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာသန်းထိုက်က လူငယ်ရေးရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်ရေးရာအသိပညာပေးဟောပြောပေးသည့် ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာသန်းထိုက်အား ဂုဏ်ပြုလက်ဆောင်နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုသိမ်တက္ကသိုလ်သို့ အားကစားပစ္စည်းများ ဆက်လက်ပေးအပ် ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။