ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာ ပြပွဲနှင့် ပြိုင်ပွဲဆုချီးမြှင့်အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အုန်းအခြေခံထုတ်ကုန်ပစ္စည်းများအား ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လုပ်ငန်းရှင်အဖွဲ့များက လာရောက်ပြသ ပြိုင်ပွဲဝင်ခဲ့ ပါကြောင်း၊ ပြပွဲကာလအတွင်း အုန်းအခြေခံထုတ်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များ တွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း၊ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက် အချိတ်အဆက်ကောင်းများရရှိစေခြင်းနှင့် အရည်အသွေးမြင့် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်သို့တင်ပို့နိုင်မည့် အတွေ့အကြုံကောင်းများရရှိစေနိုင်မှာဖြစ်ပါကြောင်း၊ ထုတ်ပိုးမှုစနစ်နှင့် အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ပြီး ဝယ်ယူသုံးစွဲသူများ စိတ်ပါဝင်စားအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်အရည်အသွေးများ ပိုမိုတိုးတက်အောင် ကြိုးပမ်းကြရန်နှင့် ထုတ်လုပ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များတွင် အားလုံးတက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း” အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ထုတ်ကုန်များတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ များအား ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နှစ်သိမ့်ဆုရရှိသူများနှင့် ပြခန်းဆုရရှိသူများဆုများ ဆက်လက်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူတစ်ဦးက ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

16-Feb-2024