ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုကြိုဆို

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲဖျော်ဖြေရေး အစီအစဉ် တွင် ပါဝင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုကြိုဆိုပွဲကို (၁၅.၂.၂၀၂၄) ရက်နေ့ ညနေပိုင်းက ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအကဖွဲ့အား ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆို ခဲ့ကြပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ဂုဏ်ပြုပွဲကိုဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အနေဖြင့် သွားရောက်ဖျော်ဖြေခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် အနုပညာရှင်များ မဟုတ်သော်လည်း ရရှိသည့်အချိန်တွင် ဆရာ၊ ဆရာမ များ၏ သင်ကြားပြသမှုများကို လိုက်နာ၍ ကြိုးစား ဖျော်ဖြေခဲ့ကြပါကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင် ဂုဏ်ယူပါကြောင်း” ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးယဉ်ကျေးမှုအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပုသိမ်တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခက ဖျော်ဖြေရေးအစီအစဉ်များနှင့်ပတ်သက်၍ အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

16-Feb-2024