ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားအားတက်ရောက်၍ ကြည့်ရှုစမ်းသပ်မဲပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရာထမ်း၊ အမှုထမ်းများနှင့်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီ(၈)ပါတီမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အရာထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့် အခမ်းအနားသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) ကို အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စီစဉ်ဆောင်ရွက်နေမှုများနှင့် ဌာနဆိုင်ရာများ၊ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် (MEVM) မဲပေးစက်များနှင့် စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို သိရှိလေ့လာနိုင်ရန် ဖြစ်ပါကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်လျှောက်ထားလာမှုများကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပေးခြင်း၊ မဲလက်မှတ်အစားမြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM) နှင့် မဲပေးနိုင်ရေးအတွက် ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များဖြင့်ပူးပေါင်း၍ တီထွင်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုသည့် မဲပေးစက်များကို လေ့လာပြီး မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ အခြေအနေ၊ သဘောသဘာဝနှင့်အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကို တီထွင်ထားခြင်း ဖြစ်ပါကြောင်း၊ ယခု မဲပေးစက်ကို ဥပဒေနှင့်အညီ အသုံးပြုမဲပေးနိုင်ရေး အတွက်ကိုလည်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများ၊ တိုင်း/ ခရိုင် /မြို့နယ်/ ရပ်၊ ကျေး ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း လမ်းညွှန်များ၊ မဲရုံမှူးလုပ်ငန်း လမ်းညွှန် များမှာလည်း လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ MEVM စက်အသုံးပြုခြင်းကြောင့် ပယ်မဲများ မရှိတော့သည့်အပြင်မဲလက်မှတ်ဖြင့် မဲပေးခဲ့စဉ်ကကဲ့သို့ မဲရေအတွက်သည့်အချိန်လည်း သက်သာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်ရှိသည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် စမ်းသပ် သရုပ်ပြ မဲပေးသည့် လုပ်ငန်းများကို ယနေ့မှ စတင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်၍ အကြံပြု ပြောကြားပေးပါရန်နှင့် MEVM စက်ဖြင့် စမ်းသပ်သရုပ်ပြ မဲပေးသည့်လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်း မိမိတို့သားစုများထံ တစ်ဆင့်ပြန်လည်ဖြန့်ဝေရှင်လင်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ)နှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခဲ့ကြသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)ကိုအသုံးပြု၍ လက်တွေ့မဲပေးရာတွင် အမှားအယွင်း လုံးဝမရှိဘဲ (၁၀၀)ရာခိုင်နှုန်း တိကျစွာ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူတစ်ဦးမဲပေးချိန်(၇)စက္ကန့်မှ (၁၀)စက္ကန့်ထိဖြစ်၍ (၁)နာရီလျှင် အနည်းဆုံး လူ(၂၀၀)ခန့်ကောင်းမွန်စွာ မဲပေးနိုင်မည်ဖြစ်ကာ မဲရုံတစ်ရုံလျှင် စက်တစ်လုံးဖြင့် လူ(၁၈၀၀)ခန့်မှ (၂၀၀၀)ခန့်အထိ သတ်မှတ်ဆန္ဒမဲပေးချိန် အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ပုသိမ်မြို့နယ်မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။