ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုနှစ်နွေစပါးစိုက်ရာသီတွင် နွေစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေများစနစ်တကျ သုံးစွဲ၍ ရိုးပြတ်ကျန်ဧကများ ကျန်ရှိမှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါး၊ နွေစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံ ဧက(၁၆) သိန်းကျော်နှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများ စိုက်ပျိုး လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါး စိုက်ဧက(၂၇)သိန်းကျော်အား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် မျိုးထုတ်လုပ်စိုက်ပျိုးလျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းများတိုးတက်ထွက်ရှိရေး၊ တိုင်းဒေသကြီး၏ သီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ဖျာပုံခရိုင်အတွင်း မြို့နယ်များအလိုက် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးမှု အခြေအနေ၊ မြို့နယ်များအလိုက် ၂၀၂၃- ၂၀၂၄ခုနှစ်၊ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးပွားစိုက်ပျိုးမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးတင်ပြချက်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်း ကျေးရွာရှိ တောင်သူဦးနေမျိုးဝင်း၏ စိုက်ဧက (၃)ဧက၌ နယူးဧရာ-၁ မျိုးစပါး နွေစပါးဘောင်ပျိုး စိုက်စနစ်စံပြကွက်အား သဘာဝမြေသြဇာနှင့် ဓါတ်မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ အထွက်တိုးမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ သာယာဝဲကျေးရွာ သို့ရောက်ရှိ၍ ၂၀၂၃-၂၀၂၄ ခုနှစ် နေကြာသီးသန့် (၁၀)ဧက တစ်ကွင်းတစ်စပ်တည်း စံပြစိုက်ခင်း ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊ လှေဆိပ်မြောင်း အလျား ၁၅၂ဝဝ ပေ၊ မျက်နှာပြင်ထိပ်ဝအကျယ် ၂၉ပေ၊ အောက်ခြေအကျယ် ၂၀ပေ၊ ပျမ်းမျှအနက် (အမြင့်) ၉ပေ၊ စိုက်ဧက (၁၀၀၀)ဧကအား အကျိုးမည့် မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော် ပြီးစီးမှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ မြေစာများ စနစ်တကျ ဆယ်ဖို့ထားရှိကာ လမ်းအသုံးပြုနိုင်ရေး မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။