ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဈေးသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ နွေစပါး ဧက (၁၀၀)၊ တင်း(၁၂၀)အထက်ထွက်ရှိရေး ဆောင်ရွက်သည့် စံပြကွက်ရှိ တောင်သူ ဦးအောင်မြင့်ဦး၏ စိုက်ဧက(၃၇)ဧကတွင် မှော်ဘီ(၃) စပါးမျိုး၊ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းသစ်သည် အတိုင်းအတာအားဖြင့်အရှည် (၁၅၅၈)ပေ၊ အကျယ် (၆)ပေနှင့် ထု (၆)လက်မရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကျိုက်လတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဖျာပုံမြို့အထပ်မြင့်မြို့မဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဈေးသစ်အားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဖျာပုံမြို့အထပ်မြင့်မြို့မဈေးသစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အဆိုပါဈေးသစ်၍ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ (၇၇)နှစ် မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဖျာပုံမြို့အထပ်မြင့် မြို့မဈေးသစ်အား ယနေ့တွင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဈေးသစ်ဖွင့်လှစ်ပေးနိုင်ခဲ့၍ ဈေးသူ၊ ဈေးသားများ၏ စားဝတ်နေရေးကိုလည်း ဖြည့်ဆည်းပေးခြင်းလည်းဖြစ်ပါကြောင်း၊ စျေးသစ်ကြီးအား တိုင်းဒေသကြီးရန်ပုံငွေ၊ စျေးသူ၊ စျေးသားများ၏ ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စျေးရုံရှေ့တွင် ယာဥ်ကြောပိတ်ဆို့မှုများမရှိစေရေးအတွက် ယာဥ်ရပ်နားမှုများ စနစ်ကျစေရေးစီမံဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအား Clean City၊ Green City၊ Smart City ဖြစ်အောင် ဆောင်ရွက်လျှက်ရှိရာ ခရိုင်အဆင့်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ ဈေးသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက ဖျာပုံမြို့မဈေး အတွင်းရှိ အထပ်မြင့်ဈေးရုံသစ် တည်ဆောက်ပြီးစီးနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများအား လည်းကောင်း၊ ဖျာပုံမြို့မဈေးအတွင်းရှိ အထပ်မြင့်ဈေးရုံသစ်ကို တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာက လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဈေးရုံသစ်ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိတို့က ဈေးသစ်ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ဈေးသူဈေးသားများကိုယ်စား ဈေးတည်ဆောက်ရေးကော်မတီဝင်(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အသစ်တည်ဆောက်ပြီးစီးသည့် အထပ်မြင့်ဈေးရုံသစ်ကို တာဝန်ယူတည်ဆောက်ခဲ့သည့် Royal Innovative Co,Ltdမှ ဖျာပုံမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့၊ ဇင်းဘောင်ဧည့်ရိပ်သာ၌ မြို့မိ၊ မြို့ဖများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်ပတ်သက်၍ စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် စိုက်ပျိုးသီးနှံများအား ပန်းတိုင် အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါး၊ နွေစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံ ဧက(၁၆) သိန်းကျော်နှင့် ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများတိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လူဦးရေ ၈၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ကြမ်းများမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထုတ်ကုန်များအား ကုန်ချောအဆင့်အထိထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချရာတွင် ပြည်တွင်းတွင်ဖူလုံမှုရှိပါက ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ပြီး စျေးကွက်ရရှိရေး ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး မြို့မိမြို့ဖများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဖျာပုံပေါ်ဆန်းမွှေးအရည်အသွေးပြန်လည်ကောင်းမွန်အောင် စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်မှု၊ မြေဆီမြေဩဇာများ ပြန်လည်ကောင်းမွန်ရေးအတွက် လိုအပ်မှုတို့အား ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။