ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး (ဒုတိယအကြိမ်) အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့ ၊ တိုက်ကြီးကျောင်း တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

01-Feb-2024