ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်မှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကိုလိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးဖို့လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖြူစင်မှုကိုပြသပြီး ကြံရည်ဖန်ရည်ကို အားကိုးပြုရမည်ဖြစ်ပြီး ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့်ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေများပါ ဘက်စုံ ထောင့်စုံအတွဲညီစွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သောစိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ‌စေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် လပွတ္တာခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၃၁.၁.၂၀၂၄ရက်နေ့မှ ၉.၂.၂၀၂၄ရက်နေ့အထိကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။

31-Jan-2024