တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း၌ ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်၊ မြို့၊ ရပ်ကွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများအနေဖြင့်  စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေ့နေ့တိုင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ သန်းရှင်းရေးစုပေါင်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၂)တွင်  နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ် တစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပရဝဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်အမှတ်(၁) ကြိုးတံတားအဆင်း ငွေဆောင်၊ ချောင်းသာလမ်းခွဲကြက်လျှာစွန်း၌ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးထားရှိမှု၊  မြက်ခင်းများစိမ်းလန်းစိုပြေရေးနှင့် လမ်းဘေးဝဲယာသန့်ရှင်းလှပရေးအတွက် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင်  ပြည်သူများကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်  အများပြည်သူများစိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊  မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျစိုက်ပျိုးစေရေးနှင့် အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။

27-Jan-2024