တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ ၂၆ရက်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းရထားဖြင့် ရွှေဆိုင်းကပ်လှူနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘုရားဖူးပြည်သူများမှ အလှူငွေလှူဒါန်းမှုအခြေအနေများမေးမြန်းခဲ့ပြီး ပန်းရထားဖြင့်ရွှေသင်္ကန်းကပ်လှုရာတွင်အဆင်ပြေစေရေး၊ အလှူငွေများအားစနစ်တကျမှတ်တမ်းထားရှိစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ရွှေမုဌောမဟာစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားတန်ဆောင်းများရှိ မှန်စီရွှေချ ရှေးလက်ရာများထိခိုက်ပျက်စီးမှုမရှိစေရေးထိန်းသိမ်းစောင့်ရှောက်ရန်၊ မုခ်ဦးများရှိ မှန်စီပန်းချီကားများ၊ ရုပ်လုံးရုပ်ကြွများထိခိုက်ပျက်စီးမှုမရှိစေရေးစနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန်၊ ဘုရားသမိုင်းမှတ်တမ်းများနှင့် ရှေးလက်ရာမှတ်တမ်းများရှာဖွေ၍ မှတ်တမ်းထိန်းသိမ်းထားရှိရန်မှာကြားခဲ့သည်။

27-Jan-2024