ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၆) မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးကို ကိုယ်စားပြုနိုင်မည့် ဘိလိယက်နှင့်စနူကာ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အလားအလာ ကောင်းမွန်သည့် လူငယ်အားကစားသမားများမွေးထုတ်စုစည်းပေးနိုင်ရန်နှင့် အနာဂတ် ကာလတွင် ထူးချွန်ထက်မြက်သည့်မြန်မာ့လက်ရွေးစင်အားကစားသမားများ မိမိတို့ တိုင်းဒေသကြီးက ပေါ်ထွက်လာစေရေးတို့အတွက်(၂၆) မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အတွေ့အကြုံကောင်းများရရှိလာမှာဖြစ်ပြီး မိမိထက်သာလွန် ကောင်းမွန်သည့် နည်းစနစ်များကိုလည်း ရယူနိုင်ကြမည်ဖြစ်ပါကြောင်း၊ မိတို့ဧရာဝတီတိုင်းဒေသကြီး အနေဖြင့်လည်း မြန်မာ့လက်ရွေးစင် အားကစားသမားနှစ်ဦး ထွက်ရှိခဲ့ပြီး နိုင်ငံတော်နှင့်တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့ကာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဆုဖလားရရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာတွင်လည်း ဆုတံဆိပ်များရရှိကြဖို့ ကြိုးစားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများသည် မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ် ပြသပြီး သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းနဲ့အညီ ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုပါကြောင်း၊ အားကစားသမား အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးစွာဖြင့် အားကစားသမား ကောင်းပီသစွာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြရန်နှင့် မိမိတို့ အားကစားနည်းဖြင့် မြို့နယ်ရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများကကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ဘိလိယက်နှင့်စနူကာအားကစားနည်း ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးအတွက် မြန်မာ့လက်ရွေးစင်အားကစားသမား ဦးပေါက်စက ရှင်းလင်းတင်ပြခဲ့ပြီးနောက် မျိုးဆက်သစ်အားကစားသမားအတွက် ဘိလိယက်နှင့်စနူကာ အားကစားဆိုင်ရာ များရှင်းလင်းဆွေးနွေးပြသခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ကိုကျော်မင်း(ပုသိမ်မြို့နယ်)နှင့် ကိုလင်းလင်း (မြောင်းမြ မြို့နယ်)တို့၏ ဘိလိယက်သရုပ်ပြကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲကို ယခုလ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်းများက ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ကိုးသိန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ယာယီပြေးလမ်း ခုံးကျော်တံတားတည်ဆောက်ခြင်း၊ ကွင်းအတွင်း မူလမြက်ခင်းလွှာ (၆)လက်မထုအား စက်ဖြင့် ဖယ်ရှားခြင်း၊ ရေစစ်မြောင်း ( ၂၂ ) မြောင်းပြုလုပ်ခြင်း၊ Sprinkler ( 24 Points ) ရေဖြန်းစနစ်တပ်ဆင်ခြင်းနှင့်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ၊ ဂျပန်မြက်စိုက်ခြင်းနှင့်မြက်ခင်း ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

25-Jan-2024