ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် (၉၇) ကြိမ်မြောက် မြတ်စွာဘုရားအမှူးပြုသော ရဟန္တာမထေရ်အပါး(၅၀၀)တို့အား (၅၀၁)ဆူစတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးပြုသောရဟန္တာမထေရ်အပါး (၅၀၀)တို့အား (၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲရေစက်ချ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဦးမောင်ကြီးအာရုံခံတန်ဆောင်းရှိ ဗုဓ္ဒဆင်းတုတော်မြတ်အား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခဲ့သည်။

ထို့နောက် ပင့်သံဃာဆရာတော်အရှင်သူမြတ်များက ဇေတဝန်စံကျောင်းတော်ရှေ့ ရင်ပြင်တော်ရာဟုထောင့်မဏ္ဍပ်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား စတုမဓူဆေးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆက်ကပ်လှူဒါန်း ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

25-Jan-2024