ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ တက္ကသိုလ်လမ်းမကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ သန်းခေါင်စာရင်းကောက်ယူသည့်အခါ အိမ်ထောင်စုများထပ်ကျန်ခြင်းမရှိစေရန်နှင့် Census Unit တစ်ခုချင်း၏ အဆောက်အဦများ၏ တည်နေရာနှင့် အိမ်ထောင်စုအရေအတွက်ကို သိရှိနိုင်စေရန် အတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်)များတွင် အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းကြီးကျေးရွာအုပ်စုရှိ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ၊ စိုက်ပျိုးရေးမျိုးသန့်ခြံတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁၅)ဧက မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာရှိ တောင်သူ ဦးချစ်မောင်နှင့် ဦးသက်နိုင်တို့၏ စိုက်ဧက (၈)ဧက၌ ဆီထွက်သီးနှံနေကြာ Super Sun 41စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ပဲရင်းစိုက်ခင်း၊ ငရုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများကိုလည်းကောင်း၊ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ၊ တောင်သူ ဦးဝင်းမြင့်ဦး၏ ဆီထွက်သီးနှံနေကြာ Super Sun 41(၁၀)ဧက စံပြစိုက်ခင်းအားလည်းကောင်း၊ ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာ၊ တောင်သူ ဦးရွှေထူး၏ ဆီထွက်သီးနှံနေကြာ Super Sun 41(၁၀)ဧက စံပြစိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးကြရန်၊ ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်၊ ပိုးမွှားများ မကျရောက်စေရေးနှင့် ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့သည်။