ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟင်္သာတတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ​မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပနေကြပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အခြေခံပညာလွန်မြောက်၍ အဆင့်မြင်ပညာများကို စတင်လေ့လာဆည်းပူးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီးတွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊​ မောင်တို့မယ်တို့အ​နေဖြင့် အခြေခံပညာကို မိဘအုပ်ထိန်းမှုဖြင့်သင်ယူအောင်မြင်ခဲ့ရာ မှ တက္ကသိုလ်သို့​ရောက်ရှိလာချိန်တွင် ကိုယ်ပိုင်စဥ်းစားဆင်ခြင်တွေးခေါ်မှု ဆုံးဖြတ်မှုတို့ဖြင့်လေ့လာဆည်းပူးသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့် အားကစား၊ စာပေ ၊ ဂီတ၊ အနုပညာဆိုင်ရာ များကိုလည်း ဖော်ထုတ်ပြသနိုင်ရန်အတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးရယူနိုင်သည့် နေရာလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်များကို အသုံးချနိုင်ပြီး ဒေသအကျိုးကို ရှေးရှုပို့ချပေးမည့် စိုက်ပျိုးရေးဓာတုဗေဒဌာန( Agricultural Chemistry)၊ ငါးပညာသိပ္ပံ( Fisheries Science)ဆိုသည့် အသုံးချဘာသာရပ်နှစ်ခုကိုလည်း အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့အနေဖြင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍအတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်​ရေး​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ​မောင်တို့မယ်တို့အ​နေဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများ၊ လူမှု​ရေးအသင်းအဖွဲ့များတွင်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ​ပါဝင်ဆောင်ရွက်ကြရန်လို​ကြောင်း၊ မောင်မယ်သစ်လွင်တို့အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုများကို တိုးတက်အောင်မြင်အောင် ကြိုးစားရင်းဖြင့် ဒေသနှင့် နိုင်ငံအကျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဖော်ဆောင်ပေးနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာတတ်လူငယ် ​မောင်မယ်များ ဖြစ်ပါစေကြောင်း” မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားများပြောကြားသည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က ​​နွေး​ထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် သင်ကြားရေး၊ စီမံခန့်ခွဲရေး အကြီးအကဲများနှင့် မောင်မယ်သစ်လွင်များအား မိတ်ဆက်ပေးခဲ့သည်။

ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်များအကြောင်း သိကောင်းစရာများကို ဒဿနိကဗေဒဌာန ပါမောက္ခ(ဌာနမှူး)နှင့် သိပ္ပံဘာသာရပ်များအကြောင်း သိကောင်းစရာများကို ဓာတုဗေဒနှင့် စိုက်ပျိုးရေးဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) တို့က ဘာသာရပ်များ၏ အရည်အ​သွေး၊ အ​ရေးပါမှု၊ သင်ကြားရခြင်း၏ရည်ရွယ်ချက်၊ ရရှိမည့်အကျိုး​ကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးကကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

17-Jan-2024