ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်၊ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း စိစစ်အတည်ပြုနေမှုကြည့်ရှုစစ်ဆေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် အခမ်းအနားကို ရတနာတန်ဆောင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကျင်းပသည့် ပညာရေးစုံညီပွဲတော်ကြီးတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ စွမ်းရည်ထူးချွန်ဆု ရရှိသူများနှင့် ထူးချွန်ထက်မြက်သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်သည့်ပွဲဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်ဝသည့် ကျောင်းသားကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်သူများကို ဂုဏ်ပြုချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက လေးစားအတုယူလိုက်နာကြရန်နှင့် မိဘများကလည်း ပညာရေးစနစ်သစ်၏ သဘောတရားများကို စုံညီပွဲတော် ကျင်းပပေးခြင်းအားဖြင့် သိရှိနားလည်လာကြမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး တိုးတက်စေရန်အတွက် ဘာသာရပ် မွမ်းမံ သင်တန်းများ၊ သင်ထောက်ကူပစ္စည်းအသုံးချမှု အရည်အသွေးမြှင့်သင်တန်းများ၊ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းတက်ရောက်မှုအများဆုံး၊ ကျောင်းဖွင့်လှစ်မှု အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များ များစွာပေါ်ထွန်းလာမည့် တိုင်းဒေသကြီးဖြစ်သဖြင့် တိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအားအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အခွင့်အလမ်းကောင်းများ များစွာရရှိလာမည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပညာရေးတိုးတက် အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် ကလေးများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် ကျောင်းပေါင်း(၇၂၀၀)ကျော်တွင် တက်ရောက်နေကြသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁)သိန်း နှစ်သောင်းကျော်၏ အောင်ချက်မြင့်မားရေး၊ ယခုနှစ် စနစ်သစ်ပညာရေး Grade 12 တွင် ဖြေဆိုအောင်မြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စနစ်သစ်ပညာရေးကို KG+12 ထိ ဖော်ဆောင်လျက်ရှိပြီး KG+9 အခြေခံပညာအလယ်တန်းအဆင့်အထိ ပညာသင်ကြားခွင့်ရရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပြီး သက်မွေးပညာဆက်လက်သင်ယူလိုသော ကျောင်းသား၊ ကျောင်းသူ များအတွက် ဒေးဒရဲ၊ ကန်ကြီးထောင့်၊ ကြံခင်း၊ ညောင်တုန်း မြို့နယ်များတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကျုံပျော်၊ ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာမြို့နယ်များတွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့သားသမီးများ ပညာရည်တိုးတက်စေရေးအတွက် အမြဲမပြတ်ကြပ်မတ် ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများအား မိမိရင်ဝယ်သားကဲ့သို့ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာ(၃)နာနှင့် ဘက်စုံထူးချွန်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သော နိုင်ငံ သားကောင်း သမီးမွန်များဖြစ်အောင် ကြိုးစားသင်ကြားပေးဖို့တိုက်တွန်း မှာကြားလိုပါကြောင်း" အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း အကြောင်းအရင်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုပြုလုပ်ရာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် Sukura Science High School Program (SSHP) in JFY 2023 သို့ လေ့လာရေးခရီးသွားရောက်ရန် ဆုရရှိသူများကို ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး နှင့်ဇနီးကလည်းကောင်း၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်ပြိုင်ပွဲ၊ National ICT Awards 2023(မူလတန်းအဆင့်)ပြိုင်ပွဲ၊ မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကမ္ဘာ့ဆရာများနေ့ဆောင်ပါးပြိုင်ပွဲတွင် ဆုရရှိသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးကလည်းကောင်း၊ အဂတိတိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ National ICT Awards 2023 (အလယ်တန်းနှင့် မူလတန်းအဆင့်) ပြိုင်ပွဲများတွင် ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ National ICT Awards 2023 (ဆရာအဆင့်အဖွဲ့လိုက်)ပြိုင်ပွဲ၊ National ICT Awards 2023 (အထက်တန်း အဆင့်ပြိုင်ပွဲ)၊ Clean and Green School ဆု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုများနှင့် ဖျော်ဖြေရေးအကအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်အလိုက် ခင်းကျင်းပြသထားသည့် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၁၄.၁.၂၀၂၄) ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့သွား​ရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် (၁.၂.၂၀၂၄)တွင် အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ကြီးကြပ်မှုကော်မတီများမှ စိစစ်အတည်ပြုထားသည့် လူဦးရေစာရင်းများ မှန်ကန်မှုရှိမရှိ စိစစ်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အလိုက် စာရင်းဇယား၊ အချက် အလက်များ တိကျမှန်ကန်မှုရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

15-Jan-2024