တိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်

ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်​တော်ရှိဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စများအား တင်ပြလျှောက်ထားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

13-Jan-2024