နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင်ကျင်းပသည့်“ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း”အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတောင်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်းအလှူရှင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်ရိုးရာယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်ပြခန်း၊ မြောင်းမြခရိုင်ဆန်စက်လုပ်ငန်းရှင်များပြခန်း၊ မြစိမ်းရောင်တောင်တော်သို့ ဒေသခံများမှလာရောက်လှူဒါန်း စုဆောင်းထားသော ကြေးထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရားစေတီများ၊ ငွေဖလားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားများနှင့် ရှေးဟောင်းကျောက်များအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ်ဖွင့်လှစ်သည့် မြစိမ်းရောင်သာသနာ့နယ်မြေ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့်လမ်းသည်ကွန်ကရစ်လမ်း (၁မိုင်၊ ၄.၁၇)ဖာလုံ၊ ကတ္တရာလမ်းအတိုင်းအတာအားဖြင့် (၃.၅)ဖာလုံနှင့် ဂဝံလမ်း(၄.၀၁)ဖာလုံ၊ စုစုပေါင်းအတိုင်းအတာ (၂မိုင်၊ ၄.၂၂)ဖာလုံအား နှစ်နှစ်တာကာလအတွင်း အလှူရှင်အသီးသီးမှ ထည့်ဝင်လှူဒါန်းပြီး ကိုယ်ထူကိုယ်ထဖောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။