၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစံကွက်ရိတ်သိမ်းပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူဒေါ်သိန်းသိန်း၏လယ်မြေ (၅.၁၄)ဧကတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)နှင့် United Ayeyarwaddy Development Public Company Limited တို့ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ကာ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှုအခြေအနေများ၊ သဘာဝမြေဩဇာသုံးစွဲမှုနှင့်မြေဆီမြေဩဇာအကျိုးပြုမှုအခြေအနေများနှင့် အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်နေမှု များအားဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများထပ်မံစိုက်ပျိုးစေရေး၊ ရိုးပျက်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစပါးအား ဧက ၂၀၀ကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးကံဝင်းလယ်မြေ၁၀ဧကတွင် နွေစပါးစိုက်ပေိုးရန်အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ကာဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှုနှင့် စိုက်ပျိုးရေတင်ယူအသုံးပြုနိုင်အခြေအနေများမေးမြန်းခဲ့ပြီး ဆိုလာစနစ်အားတောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်း တူးဖော်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်မှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ မြေစာများစနစ်တကျဆယ်ဖို့ထားရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါမြောင်းအားတူးဖော်ပြီးစီးပါက သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာအုပ်စုများရှိ ရေကျနောက်စိုက်မိုးစပါးစိုက်ဧကများ၊ နွေစပါးစိုက်ဧကများ ဧက၃၀၀၀ခန့်အတွက် အောင်ရေနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်မှာဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ တောင်သူဦးစိန်မောင်သန်း၏ လယ်မြေ ၂ဧကတွင် ဆင်းရွှေကြာ၂ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲ ၂ဧက ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေသုံးစွဲနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးနေကြာများစနစ်တကျရွေးချယ်စေရေးနှင့် မြေဩဇာအချိန်ကိုက်ကျွေးမွေးစေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေရေးမှာကြားခဲ့ကြောင်းသိရသည်။