ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားတက်ရောက်

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကြက်ခြေနီစသည့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ(၆၄)သိန်းကျော် နေထိုင်လျက်ရှိကာ လူဦးရေအများဆုံး တိုင်းဒေသကြီးတွင် တစ်ခုပါအဝင်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ချောင်း၊အင်း၊အိုင်များ ပေါများပြီး နေရာအချို့တွင် သွားရေးလာရေးခက်ခဲသည့်နေရာများလည်းရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်မှလည်း လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်၍ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်

တိုင်းဒေသကြီးအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကိုလည်း ထောက်ပံ့ ငွေများပေးအပ်လျက်ရှိရာကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များရရှိစေရေး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီးကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊

ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ အပြင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ မကူးစက်နိုင်သော ရောဂါများကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း ၊ ကုသခြင်းနှင့် ညွှန်းပို့ခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာ ရရှိသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေးသည်လည်း အင်မတန်အရေးကြီး၍ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းများဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေပါသေးကြောင်းနှင့် တိုင်းဒေသကြီး၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနိုင် ဆွေးနွေးအကြံပြုပေးကြရန်တိုက်တွန်း ပြောကြားလိုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိတ်ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအတွက် အသက်အရွယ်အပိုင်းခြားအလိုက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သတိပြုလိုက်နာရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

10-Jan-2024