ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲဒသမနေ့(အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ ဒသမနေ့(အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကိုပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်က ဘုရားပင့်ခြင်း၊ နတ်ဖိတ်ခြင်း၊ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ခြင်း၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပူဇော်ခြင်း၊ အရပ်(၁၀)မျက်နှာ မေတ္တာပို့ခြင်း၊ အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် ဘာဏက ဆရာတော်များအား အရုဏ်ဆွမ်းများဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ ဒသမနေ့ (အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကျင်းပရာ ဆရာတော် သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာကြသူများက “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အရှင်ဉာဏောဘာသက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုတဘုရားရှင်ကိုပင့်ဆောင်ပူဇော်ခဲ့သည်။
ယင်းနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးက ပင့်ဖိတ်ထားသော နတ်၊ ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်၍ အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။